မိုင်းရှူးမြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

မိုင်းရှူး ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသူလေးများ၏ ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ခရိုင်လက်ထောက်ပညာရေးမှူး ဒေါ်မေစန္ဒာထက်တို့က အမှာစကားပြောကြားသည်။

ယင်းနောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုင်းစံမိန်းက ကျောင်းတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်လျာထားမှုလုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ငွေက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာများ၏အလှူငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်တို့က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်ငွေက လက်ခံရယူသည်။ ယင်းနောက် ကျောင်းအတွက် ပစ္စည်းများလှူဒါန်းပေးသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအဆင့်၊ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်မှန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ မြို့နယ်အဆင့်ဆုရရှိသော ကဗျာလွတ်အက ကျောင်းသူများ၊ ဘောလုံးအသင်းများနှင့် သင်ကြားသင်ယူမှု စွမ်းဆောင်ရည်ဆုရရှိသော ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဆုများအသီး သီးပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမက ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အက၊ တပင်တိုင်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး "မြန်မာပြည်မှာ" သီချင်းဖြင့် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)