ဝမ်းတွင်း ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲ-ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်က စာစီစာကုံးပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေး စည်းမျဥ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်မူမြစော၊ ကျောင်းအုပ်ဆရာမကြီးနှင့်၊ ဆရာမများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲ-ပြိုင်ပွဲများအား ကျောင်းသား ကျောင်းသူများအတွက် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း-ခွဲအမှတ်-၁မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကာ ခင်းကျင်းပြသထားသော ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
ကိုရဲ (ဝမ်းတွင်း)