ချမ်းမြသာစည် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၆၀၊ ၁၀၉-၁၁၀ လမ်းရှိ Swallow Hotel တွင် ယနေ့ နံနက် ၁၀ နာရီက အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုရေးရာ၀န်ကြီး ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့အနေဖြင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ယက် (ASEAN-OSHNET)မှ ချီးမြှင့်သည့် ဆုများကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ သိရှိပြီး ပါ၀င်ယှဉ်ပြိုင်စေလိုသည့်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် အသေးစားအလတ်စားလုပ်ငန်းများ များစွာရှိပြီး ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမား၀န်ကြီးဌာန အနေဖြင့်လည်း MSMEလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အရေးပါသည့် လုပ်သားထုကို တည်ဆဲဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များ ဖြစ်ပေါ်လာစေရေး အလေးထား ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘ၀များ တိုးတက်စေခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်စေခြင်း၊ ကျွမ်းကျင်လုပ်သား ဆုံးရှုံးမှုလျှော့ချနိုင်ခြင်း၊ လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးခြင်းတို့အပြင် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက အမှာစကား ပြောကြားပြီးနောက် "အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆု"နှင့် ပတ်သက်သည့် Video Clip ကို ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးဝေဇော်က ASEAN - OSHNET ဆုများ အတွက် သတ်မှတ်ထားသည့် စံနှုန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ASEAN - OSHNET Excellence Award ဆုရရှိသည့် Apache Cement Co., Ltd ဘိလပ်မြေစက်ရုံမှ ကိုယ်စားလှယ်တစ်ဦးက ဆုယှဉ်ပြိုင် လျှောက်ထားခဲ့မှု အတွေ့အကြုံများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသူများကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊လူမှုရေးရာ၀န်ကြီး ဦးစိုးလွင်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို၊ ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးဝေဇော်၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ၀င်များ၊ ဖိတ်ကြားထားသည့် စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များ၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရရှိခဲ့ကြသည့် စက်ရုံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ချမ်းမြေ့