သထုံ ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့၊ နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြေနီကုန်းကျေးရွာရှိ Max Energy စက်သုံးဆီအရောင်းဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်မီးသတ်စခန်းမှူး ဒု-မီးသတ်ဦးစီးမှူး ဦးဟိန်းသူရထွန်းက ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီကာလ၌ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း နည်းလမ်းများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။
ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် Max Energy အရောင်းဆိုင် ဝန်ထမ်းများပူးပေါင်းကာ ဆီမီးလောင်မှုဖြစ်စဉ်များ၌ မီးသတ်ဆေးဘူးအသုံးပြု၍ ငြှိမ်းသတ်ခြင်း၊ အမြှုပ်မီးသတ်ဆေးရည် Foam အသုံးပြု၍ ငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်