ညောင်ရွှေ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လာမည့်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ထွေထွေ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအတွက် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကြီး ကြပ်ရေးတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို ယနေ့ နံနက်(၉) နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က ရှင်းလင်းပွဲဆောင်ရွက်ရခြင်း အကြောင်းအရင်းကို ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်ဦးက ကျန်းမာရေးဌာနမှဝန်ထမ်းများ တာဝန်ခွဲဝေချမှုအခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်ကြို တင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ