ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် (၉)နာရီခွဲက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမတစ်လျှောက် ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးရှေ့မှ ပြည်နယ်ရဲအကူတပ်ဖွဲ့ရုံး အထိ လမ်းဘေးဝဲ/ယာတို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများစုဖွဲ့၍ သတ်မှတ် နေရာအသီးသီး၌ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများ အလင်းဖွင့်ခုတ်ပေး ခြင်း၊ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကြီးအောင်ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်ဈေးအနီး ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ စုဖွဲ့၍ ဒေသခံပြည်သူများအတွက် နေထိုင်စားသောက်မှု သက်သာချောင်ချိရေးအတွက် စီစဉ်ဖွင့်လှစ်ပေး သည့် အခွန်လွတ်သက်သာဈေး ဖွင့်လှစ်ရောင်းချနေမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက် နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြှင့်ဈေး၌ ဈေးသူ/ဈေးသားများနှင့် ရပ်ကွက်နေပြည်သူများအတွက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်နိုင်ရေးအတွက် ဂတ်စ်အိုးမီးလောင်မှု၊ ဆီမီးလောင်မှု ဖြစ်စဉ်များတွင် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ အသိပညာပေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဈေးတာဝန်ရှိသူများနှင့် အတူ အဆင့်မြှင့်ဈေးအတွင်း စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု၊ အဆင့်မြင့်ကိုယ်ကာယ လေ့ကျင့်ရေးအားကစားရုံ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ဘက်စုံသုံးဟောခန်းမ၊ သက်မွေးပညာသင်တန်း ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဈေးအဆောက်အအုံအတွင်း ဒေသတွင်း လူငယ်၊ လူရွယ်များအတွက် တရုတ်ဘာသာစကား သင်ကြားပြီး ထိုင်ဝမ်သို့ ပညာတော်သင်သွားရောက်နိုင်မည့် အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် AMI Education Centre ၌ ပညာသင်ကြားနေသည့် သင်တန်းသား/သင်တန်းသူများကို အားပေးခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မြစ်ကြီးနားဘူတာရုံရှေ့၌ မြန်မာ့မီးရထားဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများအတွက် ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ၊ ဆန်နှင့် အမဲသား၊ ဝက်သား၊ ငါးများ ရောင်းချပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မီးရထားဝန်ထမ်းများအတွက် အခြေခံစား သောက်ကုန်များကို ဝယ်ယူထောက်ပံ့ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော် အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ အကူ အညီဖြင့် မြို့နယ်အတွင်းရှိ  သက်ကြီးဘိုးဘွားများနှင့် အသက်(၅၀) နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကွင်းဆင်းအဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မင်းရပ်ပြည်သူ့အားကစားကွင်းအတွင်း ဈေးရောင်းပွဲတော်နှင့် ဒေသခံတိုင်းရင်း သားအဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းအတွင်း အားကစားခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားများတွင် နေပြည်တော်သို့ ဖျော်ဖြေရေးအစီအစဉ်ဖြင့် သွားရောက်ကြမည့် ပြည်နယ်ကိုယ်စားပြုအကအဖွဲ့၏ စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများနှင့် တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)