ပေါင် ဖေဖော်ဝါရီ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မဂဒူးခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များထံ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်က သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မုတ္တမကျေးရွာ မဂဒူးခန်းမ၌ ဇန်နဝါရီ(၈)ရက်နေ့မှ ဖေဖော်ဝါရီ(၂)ရက်နေ့အထိ လေးပတ်ကြာဖွင့်လှစ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကိုဦးဆောင်သည့် နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့အား စာတွေ့လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)