မြစ်ကြီးနား ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံများအတွက် ကျင်းပပြုလုပ်သည့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့က မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မီးလောင်မှုဖြစ်ပွားသည့်အခါ ရှေးဦးမီးငြှိမ်းသတ်နိုင်ရေးအတွက် မိမိတို့ဌာန၊ စက်ရုံ/ အလုပ်ရုံ၊ ဈေး၊ ဟိုတယ်၊ မိုတယ်စသည့် အထပ်မြင့်အဆောက်အဦများ၊ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများနှင့် မီးသတ်ဦးစီးဌာနသို့ သတင်းများပေးပို့ခြင်း၊ ရှေးဦးမီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု ကြီးမားကျယ်ပြန့်မှုမရှိစေရေး မီးသတ်ဆိုင်ရာ လုပ်ငန်းစဉ်များကို မျက်ခြေမပြတ် လေ့လာဆည်းပူးပြီး မိမိတို့ဌာန၊ မိမိတို့ဒေသအတွက် ပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ဦးက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် မီးလောင်မှုဖြစ်ပွားပါက ရှေးဦးလုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အားကစားကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ နေအိမ်မီးလောင်မှုအတွက် အဓိကကျသည့် ဆီမီးလောင်မှုအတွက် ကျောလွယ်မီးငြှိမ်းသတ်ရေး ပစ္စည်းအသုံးပြု၍ ငြှိမ်းသတ်ခြင်း၊ စောင်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ ဂက်(စ်)မီးလောင်မှုအား မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြခြင်းနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား လက်တွေ့ မီးငြှိမ်းသတ်ပြသခြင်းတို့ဖြင့် အသိပညာပေး ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)