မိုင်းတုံ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ ကြိုတင် ဆန္ဒမဲပေးနေမှုနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဟိန်းထက်အောင်တို့သည် အဖွဲ့(၃)ဖွဲ့ခွဲ၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် များနှင့် မဲရုံများတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် မဲဆန္ဒရှင်များက ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ ကြိုတင်ဆန္ဒမဲများ ပေးနေ မှုနှင့် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မိုင်းတုံမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် (၃၁၆၉)ဦး ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာ လ ၅ ရက်ထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲ ပေးနိုင်သော အခြေအနေရှိပါက လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ပြီး ကျန်းမာရေးအခြေအနေအရ ကိုယ် တိုင်သွားရောက် ဆန္ဒမဲပေးရန် အခက်အခဲ ရှိသူများသည် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲခွဲရုံးသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ဆန္ဒမဲ ပေးနိုင်ရေး ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများက စီစဉ်ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)