မှော်ဘီမြို့နယ်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသ

မှော်ဘီ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊မှော်ဘီ မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မှော်ဘီမြို့နယ် မြစ်ကျိုးကျေးရွာတွင် ကျင်းပခဲ့သည်။

မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင် မှော်ဘီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင် (၂) ဦးဝင်းစိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်က စပါးမျိုးစေ့ချကိရိယာစီဒါ (Seeder) အသုံးပြုရခြင်းအကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးကိုလက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြပြီး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များ သက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မှီခြင်း၊ အတန်းလိုက်ညီညာစွာ စိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများ ကောင်းမွန်ကာ မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေမည့် စီဒါ (Seeder) အကျိုးကျေးဇူးကြော်ငြာဆိုင်းဘုတ်အား တက်ရောက်သော တောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲသို့ မှော်ဘီခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ် ကွက်အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဇော်