ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အမှတ်(၁) ဈေးကုန်းကျောင်းတိုက်၌ အသံမစဲဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တရားဓမ္မမိတ်ဆွေများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် နဝကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်ကြသည်။
ယင်းနောက် ပုဗ္ဗသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘဏမဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အောင်ပွဲမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)