ညောင်ရွှေ ဖေဖော်ဝါရီ ၂
ကမ္ဘာ့ရေဝပ်ဒေသများနေ့အခမ်းအနားကို ညောင်ရွှေမြို့နယ် ရွှေရန်ပြေကျေးရွာရှိ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော လူထုပညာပေးပြခန်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆင့်က အမှာစကားပြောကြားပြီး အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ကမ္ဘာ့ရေဝပ်ဒေသများနေ့ဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။
အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အမြင့်ပိုင်းရေချိုကန်တစ်ခုဖြစ်ပြီး ဘူမိရုပ်သွင်နှင့် ယဉ်ကျေးမှုအရ ထင်ရှားသည့် ရေဝပ်ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသရင်းမျိုးစိတ်များ၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ၊ ကမ္ဘာ့အဆင့်ခြိမ်းခြောက်မှုခံနေရသည့် ငှက်၊ ငါးနှင့် အခြားနို့တိုက်သတ္တဝါမျိုးစိတ် အများအပြား နေထိုင်ကျက်စားရာ ဒေသများကို အင်းလေးကန်၏ ရေဝပ်ဒေသများ၊ ရေဝေရေလဲ သစ်တောများက ပံ့ပိုးပေးထားကြောင်း သိရသည်။
မောင်မောင်