ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက် ၁၁ နာရီအချိန်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းနှင့် ဈေးများသို့ သွားရောက်၍ အေးချမ်းစွာ ရောင်းဝယ်ဖောက်ကားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းသို့ ရောက်ရှိပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှ တာဝန်ရှိသူများက ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းနှင့်ပတ်သက်၍ ကျောက်မျက်ရတနာစခန်းတွင် ပြည်တွင်းပြည်ပရောင်းဝယ်လုပ်ကိုင်နေသူများဖြင့် နေ့စဉ်ဝင်ထွက်သွားလာနေမှု၊ ဆိုင်ခန်းများဖွင့် လှစ်ရောင်းချနေမှုနှင့် ပုံမှန်ရောင်းဝယ်ဖောက်ကားနေမှုများအား လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်ရှိ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး၊ မန်းမြန်မာဈေးချိုပလာဇာနေရာများသို့ရောက်ရှိပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး၊ မန်းမြန်မာဈေးချိုပလာဇာတို့မှ ဈေးအကျိုးတော်ဆောင်များက ဈေးများအား အခါကြီးရက်ကြီးနေ့များမှလွဲ၍ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနေမှု၊ ရုံအလိုက်ဈေးဆိုင်ခန်းများ၏ အခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ရုံအလိုက်ရောင်းဝယ် ဖောက်ကားနေမှုအခြေအနေများအား လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးရောင်းဈေးဝယ်များဖြင့် ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လိုက်လံကြည့်ရှု၍လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရင်းနှီးစွာနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်