မိတ္ထီလာ ဖေဖော်ဝါရီ ၂
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ် ကင်းဝင်းစေရေး လိုက်လံနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးဆိုင်ရာ ထားရှိမှု အခြေအနေများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း စစ်ဆေးအကြံပေးခြင်း၊ စက်ရုံ အလုပ်ရုံများ စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေး ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များ လေ့ကျင့်မှု မပြတ်ရှိစေရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်များ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရပ်ကွက်များအတွင်း နေ့စဉ် လှည့်လည်အသိပေးနှိုးဆော်ခြင်းနှင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)