ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်၊ ရပ်ကွက်များအလိုက် ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲဆန္ဒပေးခြင်း ဆောင်ရွက်

ဒေါပုံ   အောက်တိုဘာ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ အား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီမှစတင်၍ ရပ်ကွက်များရှိ လမ်းများနှင့် နေအိမ်များတွင် ရွေ့လျားစနစ်ဖြင့် ဆန္ဒမဲပေးခြင်းများကို  ကြိုတင်မဲဆန္ဒ မဲကောက်ယူရေး အဖွဲ့များက လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက် ၆၀နှစ်နှင့် အထက်အသက်ကြီးဘိုးဘွားများအတွက် ကြိုတင် ဆန္ဒမဲပေးခြင်း လုပ်ငန်းကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၆)နာရီ အထိ ကောက်ယူဆောင်ရွက်ပေးမည့်ဖြစ်ပြီး ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင်လည်း လာရောက်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းသိရသည်။

ထိုသို့ ရွေ့လျားစနစ်နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြိုတင် ဆန္ဒမဲကောက်ယူခြင်း လုပ်ငန်းများကို မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးစန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု၍ သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဒေါပုံမြို့နယ်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၇၀၆၇၂) ဦးရှိပြီး အသက် ၆၀ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၁၁၉၈၂)ဦး ရှိပြီး မဲရုံပေါင်း (၆၃)ရုံဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သဲစုစုလွင် (ပြန်/ဆက်)