မိုးနဲမြို့နယ် ဥယျာဥ်အခြေခံပညာမူလတန်းကျောင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဥယျာဥ်အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများက မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား/သူလေးများ အတွေးအခေါ်ကောင်းများ ရှင်သန်နိုးကြားလာစေရန်၊ မူလတန်းအဆင့်မှစ၍ အထက်တန်းအဆင့်ထိ ပြပွဲပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုစိတ်ရှိစေရန်၊ ပြိုင်ပွဲအတွေ့အကြုံရရှိစေရန်နှင့် ဆုများကို ချီးမြှင့်သွားမည်ဖြစ်သည့်အတွက် ကောင်းသော ယှဥ်ပြိုင်လိုစိတ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ကလေးများစိတ်ကြိုက်ခြယ်သလိုသည့် အရောင်များကို စိတ်ကြိုက်ခြယ်သနိုင်ကြောင်း၊ ဆုများကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားပေးခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား/သူ ၃၀ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကျောင်းသား/သူလေးများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)