ကာလိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကာလိ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ကျောင်းသား၊ ကျောင်းသူများကို ပလတ်စတစ်များ စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က   အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျိုင်းလွန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းပြဆရာမ ဒေါ်ခင်ယုမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်သဲမာက ပလတ်စတစ်သုံးစွဲခြင်းဆိုင်ရာဆိုးကျိုးများ၊ ပလတ်စတစ်များကို စနစ်တကျသုံးစွဲသင့်ပုံများ၊ ပလတ်စတစ်အမှုန်များ၏ အဓိကအရင်းအမြစ်များနှင့် ပလတ်စတစ်အမျိုးအစား အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးကွဲနှင့် အဏ္ဏဝါ‌ဂေဟစနစ်ထိခိုက်မှု အကြောင်းအရာများကို နံရံကပ်စာစောင်ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)