မိုင်းပျဉ်း ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မီးသတ်ဦးစီးဌာန၏ (၁/၂၀၂၄) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ မီးသတ်ရုံးခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။
အခမ်းအနားတွင် မိုင်းပျဉ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က သင်တန်းဆင်းပွဲအမှာစကားကို ရှမ်း/ဗမာနှစ်ဘာသာဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများကိုယ်စား အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးတင်အောင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို မိုင်းပျဉ်းမြို့နယ်အတွင်းမှ သင်တန်းသား (၅၀) ဦးဖြင့် (၈−၁−၂၀၂၄)ရက်နေ့မှ (၂−၂−၂၀၂၄)ရက်နေ့အထိ (၂၆) ရက်ကြာဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။
နန်းသန္တာဦး