ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်းပြခန်း၊ ရိုးရာအစားအစာ အရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များအား တွေ့ဆုံ

စစ်တွေ ဖေဖော်ဝါရီ ၂

နေပြည်တော်၌ ကျင်းပမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် ရခိုင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်း ပြခန်း၊ ရိုးရာအစားအစာအရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်သို့ သွားရောက်ကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်းပြခန်း၊ ရိုးရာအစားအစာအရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များက တစ်ဦးချင်း နှုတ်ဆက်စကားပြောကြားကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက (၇၇) ပြည်ထောင်စုအခမ်းအနားကို သွားရောက်ကြမည့် သားတို့သမီးတို့အနေဖြင့် ပြည်ထောင်စုနေ့ဆိုသည်မှာ နိုင်ငံအတွက်အင်မတန်မှ အနှစ်သာရရှိသော နိုင်ငံရေးအရရော၊ ကိုယ့်နိုင်ငံ၏ဂုဏ်ဒြပ်အရပါ အနှစ်သာရရှိသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူမျိုးများစွာရှိကြောင်း၊ တိုင်းရင်းသားများသည် တမြေတည်းတွင် အတူတကွ ဘိုးစဉ်ဘောင်ဆက်စုပေါင်းနေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ အေးတူပူအမျှ နေထိုင်ကြကြောင်း၊ ဘိုးဘွားတို့၏ အမွေဖြစ်သည့် ပြည်ထောင်စုကြီးကို အားလုံးက ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် နောင်တစ်ချိန်တွင် တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး ပြည်ထောင်စုကိုချစ်သည့်စိတ်၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်လိုသည့်စိတ်ဖြင့် သွားရောက်ကြစေလိုကြောင်း၊ နေပြည်တော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားကိုယ်စားလှယ် လူငယ်များနှင့် ဆုံတွေ့ကြရမည်ဖြစ်ကြောင်း၊ တွေ့ဆုံသည့်အခါ ရိုးရာယဉ်ကျေးမှုများကို ဖလှယ်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားကိုယ်စားလှယ်များနှင့် မိတ်ဆွေကောင်းသဖွယ် ပေါင်းသက်ဆက်ဆံပြီး ပြည်ထောင်စုစိတ်ဓာတ် ဖြင့် ပေါင်းသင်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာထုတ်ကုန်များ၊ အစားအစာများကို လေ့လာကာ မိမိတို့ဒေသတွင် ကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်နိုင်အောင် လေ့လာခဲ့ကြစေလိုကြောင်း၊ ရခိုင်ဒေသတွင်လည်း ထုတ်ကုန်များ များစွာရှိသကဲ့သို့ ရခိုင်မုန့်တီဆိုလျှင် နာမည်ကြီးသော အစားအစာတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိတိုင်းရင်းသားများ၏ အစားအစာ၊ ထုတ်ကုန်များကို လေ့လာကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် လေ့လာမှတ်သားခဲ့ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်၏ MSME ထုတ်ကုန်ပြခန်းတွင် ဆန်စပါးလုပ်ငန်း၊ ရက္ကန်းလုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း၊ တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထုတ်ကုန်ပြခန်းများကိုလည်း လေ့လာပြီး မိမိဒေသတွင် ပိုမိုကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်တွင် နေထိုင်ကြသည့် အခါတွင်လည်း တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စနစ်တကျ နေထိုင်သွားကြရန်နှင့် လိုအပ်ချက်များကိုလည်း အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် ရခိုင်ပြည်နယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့အား ထောက်ပံ့ငွေ ၁၉၉၇၅၀၀၀ ကျပ်နှင့် MSME ထုတ်ကုန်အရောင်း ပြခန်း၊ ရိုးရာအစားအစာအရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များအား ထောက်ပံ့ငွေ ၅၃၄၂၂၅၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)