မော်လမြိုင် ဖေဖော်ဝါရီလ ၂
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျင်းပပြုလုပ်သော ဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ် အခန်းအမှတ် (၁၅)၊ ပင်မဆောင်၌ ကျင်းပခဲ့ရာ ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က မြန်မာနိုင်ငံ၏ ဥပဒေဖြစ်တည်မှု၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ တရားဥပဒေများ ကျင့်သုံးမှု၊ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အထူးဥပဒေများ၊ ဒေသန္တရဥပဒေများ၊ ယေဘုယျဥပဒေများ၊ ဓလေ့ထုံးတမ်းဥပဒေများနှင့် ရာဇဝတ်မှုများဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သော တရားမမှုစွဲဆိုခြင်းအကြောင်း၊ ပဋိညာဉ်အက်ဥပဒေအကြောင်း၊ စီးပွားရေးဥပဒေပညာအောင်လက်မှတ် ဒီပလိုမာသင်တန်းနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာဥပဒေများအကြောင်း၊ စီးပွားရေးစာချုပ်စာတမ်းများအကြောင်းနှင့် လျှောက်လဲချက်ပေးခြင်း အနုပညာအကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်က ဥပဒေရေးရာဝန်ကြီးဌာန၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဥပဒေအရာရှိများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ဟောပြောပွဲသို့ စီးပွားရေးဥပဒေပညာ ဒီပလိုမာသင်တန်းသား/ သူများနှင့် မော်လမြိုင်တက္ကသိုလ် ဥပဒေပညာ ကျောင်းသား/ သူများ ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။ ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ မော်လမြိုင်တက္ကသိုလ်၊ ဥပဒေပညာဌာနသို့ ရာဇသတ်ကြီး၊ ဥပဒေပညာဂျာနယ်၊ ဥပဒေဘာသာပြန်ကော်မရှင်မှထုတ်ဝေသော အထူးဥပဒေများ စာအုပ် (၁၁) အုပ်တို့အား မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပေးအပ်လှူဒါန်းရာ ဥပဒေပညာဌာန ဒေါက်တာခင်ခင်ဌေးက လက်ခံခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)