မိုင်းယုမြို့၌ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုင်းယု ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်နေထွန်း၊ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရေးဌာနမှ ပြသထားသည့် ပြပွဲ၊ ပြခန်းများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ အတွင်းရေးမှူး ခရိုင်ဒုတိယရဲမှူးကြီး၊ အဖွဲ့ဝင်(၃) ခရိုင်လဝကဦးစီးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မြို့အဆင့်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် စုံညီပွဲတော်ကို “လမ်းပြကြယ်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားကာ ခရိုင်ပညာရေးမှူး ဦးတင့်ဆွေက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများ၊ အားကစားဆုများနှင့် ကျောင်ဘက်စုံဖွံ့ဖြိုးရေအတွက် အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်  ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများက တက်ရောက်ကာ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော်နှင့် တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကပြခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်