နေပြည်တော် ဖေဖော်ဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်း ဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် ကုန်ထုတ်ကဏ္ဍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို လိုက်နာကျင့်သုံးစေရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေရရှိရေး၊ အထွက်နှုန်းကောင်း မျိုးသန့်များစိုက်ပျိုးရေး၊ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်နိုင်ရေး၊ တောင်သူများအား အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ နေကြာတို့ကို ဖြစ်ထွန်းနိုင်သည့်အနေအထားပေါ် မူတည်၍ စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုစွမ်းအားများ တိုးတက်လာစေရန်အတွက် စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် လုပ်သားများအစား စက်ကိရိယာပစ္စည်းများ အသုံးပြုပြီး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးနှံများအလိုက် သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP)နှင့်အညီ စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ၊ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနည်းများ၊ သီးနှံများတွင်ကျရောက်သည့် ရောဂါများကာကွယ်ရေးနည်းစနစ်များကို တောင်သူများ စနစ်တကျသုံးစွဲနိုင်ရန်အတွက် သင်တန်းများပေးခြင်း၊ အသိပညာများပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်လာမည်ဆိုပါက ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ တည်းခိုနေထိုင်မည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်၍ ဆေးပေးခန်းများ၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်းများ၊ တည်းခိုဆောင်များနှင့် စားရိပ်သာဆောင်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ခြင်အန္တရာယ်ကင်ရှင်းစေရေး၊ ရေ၊ မီး၊ သန့်စင်ခန်းများပြည့်စုံစေရေး၊ သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)