မိုးကောင်း ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များအား သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး သက်သာဈေးအရောင်းဆိုင်ကို ယမန်နေ့ နံနက်(၉)နာရီခွဲတွင် ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ ဖွင့်လှစ်ရောင်းချသည်။
အဆိုပါသက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချရာတွင် ဝက်သား(၅၀)ပိဿာအား (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ အမဲသားပိဿာ(၅၀)အား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥအလုံး(၂၀၀၀)အား (၅)လုံးလျှင်ကျပ်(၁၀၀၀)နှုန်းဖြင့် လည်းကောင်း၊ စားအုန်းဆီပိဿာ(၁၅၀)အား တစ်ပိဿာလျှင်(၆၅၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဒေသခံပြည်သူ(၄၀၀)ဦးခန့်ကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်သာဈေးဖွင့်လှစ်ရောင်းချမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်များပုံမှန်ရောင်းချလျက်ရှိရာ အများပြည်သူများပုံမှန်သွားလာ လျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)