ကျောက်ပန်းတောင်းမြို့နယ်တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ မဲရုံလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ကျောက်ပန်းတောင်း အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀- အထွေထွေရွေးကောက်ပွဲကြီး၌ မဲရုံတာဝန်ထမ်း ဆောင်ကြမည့် ပညာရေးဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအဖွဲ့(၁)ကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စကားဝါမြေ ခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ်(၁)တွင် မဲဆန္ဒရှင် ကျား(၈၀၆၁)ဦး၊ မ(၁၁၈၂၂)ဦး ပေါင်း (၁၉၈၈၃)ဦးရှိ၍ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲဆန္ဒရှင် ကျား(၈၅၇၈)ဦး၊မ(၁၂၅၄၅)ဦး ပေါင်း (၂၁၁၂၃)ရှိရာ၊ စုစုပေါင်း မဲဆန္ဒရှင် (၄၁၀၀၆)ဦးရှိကြောင်းသိရပြီး၊ မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ(၂၀၆)ရုံနှင့် မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ(၁၇၃)ရုံ စုစုပေါင်းမဲရုံ (၃၇၉)ရုံ ရှိမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါမဲရုံများတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ပညာရေး ဝန်ထမ်းများ အနေဖြင့် မဲရုံလုပ်ငန်း များဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းရရှိသည့် ဆန္ဒမဲစာရင်း ဖြည့်သွင်း ရမည့် ပုံစံ(၁၆)၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်း ရင်းသားလူမျိုးလွှတ်တော် ကိုယ်စား လှယ် လောင်းများရရှိသော ဆန္ဒမဲစာရင်း ဖြည့်သွင်းရမည့် ပုံစံ(၁၆-က)၊ အသုံးမပြုဘဲ ကျန်ရှိနေသော ဆန္ဒမဲလက် မှတ် များစာရင်း ဖြည့်သွင်းရမည့် ပုံစံ(၁၆-၁) အစရှိသည့် ပုံစံများ ဖြည့်သွင်းမှုမှန်ကန်စေရေးနှင့် မဲရုံပိတ်သိမ်းပြီးချိန် တွင် ဆန္ဒမဲလက်မှတ်များ နှင့် ဖြည့်သွင်းပြီးပုံစံစာရွက်များ သိမ်းဆည်းရန် လုပ်ငန်းများကို အမှားအယွင်း မရှိဆောင်ရွက်နိုင်စေရန်အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးက ပြောသည်။

အဆိုပါ မဲရုံမှူး/ဒုတိယမဲရုံမှူးများ အလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီဖြစ်စေရေးအတွက် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်း(၇၅၈)ဦးကို နံနက်ပိုင်း ၈နာရီမှ ၁၀ နာရီတစ်ချိန်၊ ၁၀ နာရီမှ ၁၂ နာရီ တစ် ချိန်၊ မွန်းလွဲပိုင်းတွင် ၁ နာရီမှ ၃ နာရီ၊ ၃နာရီမှ ၅နာရီ အချိန်ခွဲ၍ တစ်နေရာလျှင်(၄)ချိန်(၄)ဖွဲ့ခွဲကာ၊ လက်ရှိနေရာနှင့် အမှတ် (၁) အ.ထ.ကတွင်တစ်နေရာ၊ စုစုပေါင်း နေရာ(၂)နေရာခွဲ၍  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)