ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ အ.မ.က (၁၈) တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကျင်းပ

ပုသိမ်ကြီး ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ရန်ကင်းတောင်ကျေးရွာ အ.မ.က (၁၈)တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုံပြင်ပြောပြိုင်တွင် စာရေးဆရာမောင်ရန်ရှင်း (ရန်ကင်းတောင်)က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး(ငြိမ်း)ဦးဇော်ဝင်းက  ပုံပြောပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ပုံပြောပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေယုန်ရွှေကျားပုံပြင်၊ ဆဒ္ဒန်ဆင်မင်းပုံပြင်၊ ပညာရှိဇီးကွက်ပုံပြင်၊ သူငယ်ချင်းသုံးယောက်၊ အပျင်းကြီးသူ အစရှိသည့်ခေါင်းစဥ်များနှင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင်ပထမဆုရရှိသူအား ကျောင်းအုပ်ဆရာကြီး(ငြိမ်း)က လည်းကောင်း၊  ဒုတိယဆုရရှိသူအား စာရေးဆရာမောင်ရန်ရှင်း (ရန်ကင်းတောင်)က လည်းကောင်း၊ တတိယဆုရရှိသူအား ရှင်တော်ကုန်းကျောင်းအုပ်ဆရာမကြီးကလည်းကောင်း၊ အထူးဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ရန်ကင်းတောင် အ.မ.က(၁၈) ကျောင်းအုပ်ဆရာမကြီးတို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ရန်ကင်းတောင်အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ရီက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)