ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများဖြစ်ပွားပါက လျင်မြန်ထိရောက်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာများတိုးပွားလာစေရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်ရှိ အ.မ.က(၅) အခြေခံပညာမူလတန်းကျောင်းတွင်လည်း စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမိုးမင်းအောင်က မီးလောင်မှုဖြစ်ပွားရသည့်အခြေခံအချက်များ၊ မီးလောင်မှုအမျိုးအစားများ၊ မီးအတန်းအစားများနှင့်မီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးမှူးဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်း သတ်နည်းများနှင့် ဆီမီးလောင်မှုမီးငြှိမ်းနည်းစနစ်များကို လက်တွေ့ငြှိမ်းသတ်ပြသခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)