စဉ့်ကိုင်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အ.ထ.က (စဉ့်ကိုင်)ကျောင်းရှိ သဇင်ခန်းမ၌ ‌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းဆီက ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို အမှတ်တရရှိစေရန်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ပြောကြားခဲ့ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြည်ထောင်စုနေ့နှင့် လူငယ်တာဝန်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)အဖြစ် စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါး၊ ကဗျာ၊ စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီနှင့် တာဝန်ရှိသူများ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)