မော်လမြိုင် ဖေဖော်ဝါရီ ၁
“တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်နှင့်အညီ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လာမည့်ဖေဖော်ဝါရီလ၊ မတ်လတို့တွင် အခြေခံပညာစာမေးပွဲများကျင်းပတော့မည်ဖြစ်ရာ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးတာဝန်ရှိသူများအားလုံး အထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စာသင်နှစ်တစ်နှစ်နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်သည့်အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်အောင်ချက်နှင့်ပတ်သက်ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ (၁၂)နှစ်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပဉ္စမ(၁)ကြိမ်၊ တတိယ(၂)ကြိမ်၊ ဒုတိယ(၁)ကြိမ်နှင့်ပထမ(၈)ကြိမ်ရရှိခဲ့သည့်အတွက် ပညာရေးတွင်အစဉ်အလာကောင်းသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာပြီးမြောက်စေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး အင်ပြည့်အားပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးမြတ်သွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတိုးဝင်းတို့မှ မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍများ၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြပြီး တက်ရောက်လာသော ပြည်နယ်၊ ခရိုင်ပညာရေးမှူးများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပညာရေးကဏ္ဍတွင်ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)