ဝိုင်းမော်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဝိုင်းမော် ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂)တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ (၁)ရက် နံနက် ၁၀နာရီက ဝိုင်းမော်မြို့ ရပ်ကွက်(၂) အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ပါက ပြည်ပမှ ကျူးကျော်ဝင်ရောက်မှုရန် ကင်းဝေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးတို့အား အသိပညာပေး ဟောပြောခဲ့ပြီး မြစ်ကြီးနားမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂)မှ တပ်ဖွဲ့စုမှူးရဲမှူး မိုးစိန်က မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ရဲအုပ် ဇော်လင်းအောင်က မူးယစ်ဆေးဝါးအား စမ်းသပ်သုံးစွဲခြင်း မပြုရန်နှင့် စမ်းသပ်သုံးစွဲပါက စိတ်ကို စွဲလန်းစေတတ်ပြီး မူးယစ်ဆေးစွဲရောဂါ ဖြစ်ပွားစေကြောင်း၊ မူးယစ်ဆေးဝါး တာဆီးနှိမ်နင်းရေးလုပ်ငန်းတွင် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်၌ ကျောင်းသား/သူများသာမက ဒေသတွင်းနေပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြကာ တာဝန်ရှိသူများက တက်ရောက်လာသည့် ဆရာ/မများ၊ ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဖြူစင်(ပြန်/ဆက်)