မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၁

နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များတက်ရောက်သည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဥ်အဖြစ် မော်လမြိုင်မြို့နယ်ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့နယ်ဘောလုံး အသင်းတို့ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးဆု၊ ပူးတွဲတတိယဆုနှင့် ဒုတိယဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ ပထမဆုရရှိသော မော်လမြိုင်မြို့နယ်ဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)