နမ့်စန် ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် Book Club အသင်းနှင့် မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတို့ကို နံနက်၉နာရီမှ နေ့လည်၁၂နာရီအထိ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာနမှတာဝန်ရှိသူများက ပြိုင်ပွဲများကို စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ နေ့လည် ၂နာရီတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မိုးရိပ်ရှမ်းတောင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် Book Club အသင်းမှ အဖွဲ့ဝင်များနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများက ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆုပေးပွဲအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)