မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက် ၆၀နှစ်နှင့်အထက်ရှိ ဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေး

ငါန်းဇွန် အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း၌ ယမန်နေ့ နံနက် ၈ နာရီမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲရုံများတွင် အသက်(၆၀)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားနှင့် နိုင်ငံ့ဝန်ထမ်းမဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များအနက် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ဆန္ဒမဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် အခက်အခဲမရှိ ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် အောက်တိုဘာ ၂၉ရက်နေ့မှ နိုဝင်ဘာ၅ရက် နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၊ ကြိုတင် ဆန္ဒမဲပေးရာတွင် မဲရုံသို့ လာရောက်မဲပေးရန် အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများ၊ မီးဖွားသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ် အတွင်း ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုတို့ရှိရာ မဲရုံပေါင်း(၁၄၂)ရုံ မဲဆန္ဒရှင်ပေါင်း(၁၁၁၃၄၀)ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ (၁၉၀၀၀) ခန့် ရှိကြောင်း ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)