လသာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

လသာ ဖေ​ဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် လသာမြို့နယ်မီးသတ်ဉီးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးဆိုင်ရာအသိပညာ‌ပေးညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် စဥ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာယမန်​​နေ့ည​နေပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်(၉)၊ ရပ်ကွက်(၁၀)ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းဆက်လက်နှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရန်၊ မီးသုံးစွဲလျှင် လူစောင့်ထားရှိရန်၊ နေအိမ်များတွင်လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ညအိပ်ရာဝင်တိုင်း ငြှိမ်းသတ်ပြီးမှ အိပ်ကြရန်၊ ပြည်သူများ မီးကို “အသိ သတိ” ဖြင့်သုံးစွဲကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါကမြို့နယ်မီးသတ်စခန်းသို့ ချက်ချင်းအကြောင်းကြားကြရန်စသည့်အချက်တို့အား အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသဲနု​​​အောင်(ပြန်/ဆက်)