ကျောက်ဆည်မြို့နယ် ကတဲကျေးရွာအုပ်စု သူငယ်တော်ကျေးရွာတွင် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဖေဖော်ဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ၌ ရာသီ သီးနှံများဖြစ်သည့် ကာလတို ဟင်းသီး၊ ဟင်းရွက် သီးပင်၊ စားပင်များ စိုက်ပျိုးသည့်အပြင် ငရုပ်၊ ကြက်သွန်၊ ဆီထွက်သီးနှံမျိုးစုံနှင့်  ပဲသီးနှံ မျိုးစုံစိုက်ပျိုးထားရှိရာ ကတဲကျေးရွာအုပ်စု၊ သူငယ်တော်ကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် မိရိုးဖလာ (ပက်ကျဲ) စနစ်အပြင် သိပ္ပံနည်ကျ စိုက်ပျိုးခြင်းဖြစ်သော ဘောင်စနစ်များဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက မြေ(၁)ဧကတွင် ပဲတီမျိုးစေ့ (၄) ပြည်ခန့် အသုံးပြုရပြီး၊ သိပ္ပံနည်းကျ (ဘောင်စနစ်)ဖြင့် စိုက်ပျိုးပါက ပဲတီမျိုး(၂)ပြည်ခန့် အသုံးပြုစိုက်ပျိုးရကြောင်း၊ ထွက်နှုန်းအနေဖြင့် မြေ(၁)ဧကတွင် သွင်းအားစု၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ် မူတည်၍ (၁၇)တင်းမှ (၂၂)တင်း ထွက်ရှိကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။

မြို့နယ်စိုက်ရေးဦးစီးဌာနမှ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်၍ မှိုရောဂါပိုး ဒဏ်ခံနိုင်သည့် ရေဆင်း (၁၁)နှင့် ရေဆင်း(၁၄) ပဲတီမျိုးများ ရွေးချယ် စိုက်ပျိုးရေးနှင့် စိုက်နည်းစနစ်များ ကူညီပေးလျက်ရှိကြောင်း  သိရသည်။

သက်မောင်