ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ နံနက် (၉) နာရီက အဆိုပါ ကျောင်းဘက်စုံးသုံးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဇာနည်ထွန်းက ဘက်စုံထူးချွန်သူများ ဖြစ်စေရေး ကျောင်းနေအရွယ်ကပင် အသိပညာ ဗဟုသုတ ရရှိစေမည့် စာပေများ ရှာဖွေဖတ်ရှုခြင်း၊ အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းများ ပြုလုပ်ရန်လိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ကြွယ်ဝစေရန်၊ လူငယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားလာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက Moderator အဖြစ် ဆောင်ရွက်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ ဒုတိယနှစ် ကျောင်းသားကျောင်းသူများဖြစ်သည့် မောင်ဟိန်းဝေဖြိုးက နှုတ်ချိုသျှိုတစ်ပါး၊ မအိဇင်ဖြိုးက လူငယ်နှင့်ဘဝတန်ဖိုး၊ မလစန္ဒာက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်လင်းလင်းဦးက လူငယ်နှင့်အနာဂတ်၊ မနန္ဒာအောင်က လူငယ်နှင့်အချိန်နှင့် မတင်ဇာမော်က လူငယ်နှင့်ဝါသနာ စသည့် ခေါင်းစဉ်များဖြင့်အသီးသီး ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စုစုအေးနွယ်