ကျောက်ဆည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုလက်မှုသိပွံ (ကျောက်ဆည်)တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်ကြယ်ပွင့်များဖြစ်ရာ မိမိဘဝအောင်မြင်မှု ရရှိရေး၊ မူးယစ်ဆေးဝါး အန္တရာယ်သည် လူ့ပတ်ဝန်းကျင်တွင် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်လျက်ရှိရာ ဆောင်ရန်ရှောင်ရန် အချက်များကို သိရှိစေရန်နှင့် လူကုန်ကူးမှု ခံရသူများသည် အတန်းပညာအားနည်းသူ များကို နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခြင်းများ ဆောင်ရွက်နေကြရာ ဆောင်ရန်ရှောင်ရန် အချက်များကို သိရှိစေရန် လိုက်နာမှတ်သားကြရန်နှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်စေရေး ကြိုးစားကြရန် အမှာစကား ပြောကြားခဲ့ပြီး၊ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးမျိုးသန့်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ဖမ်းဆီးခြင်း များဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေပြီး အန္တရာယ်ဖြစ်စေကြောင်း၊ ဘိန်း၊ ဆေးခြောက်၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ် ဆေးများသည် အန္တရာယ်များပါကြောင်း လူငယ်များ စွဲလန်းအောင် ဖန်တီးထားသော ဆေးဝါးများ ဖြစ်ကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များစသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး အမှတ်(၁၁) လူကုန်ကူးမှု တားဆီးရေးတပ်ဖွဲ့စုရုံး (မန္တလေး)မှ ရဲမှူးခင်မောင်သိန်းက လူကုန်ကူးမှု နောက်ခံသမိုင်းကြောင်းများ၊ လူကုန်ကူးမှုဖြစ်ပွားစေသော အကြောင်းအရင်းများနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ဟောပြောကာ ‘’နှလုံးသားရဲ့တာဝန်’’ မှတ်တမ်းဗီဒီယိုကို ပြသခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူက အသိပညာပေး ဟောပြောခဲ့သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး