မဘိမ်းမြို့နယ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

မဘိမ်း     အောက်တိုဘာ    ၃၀       

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုး မိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးသန်းဌေးက မြို့နယ် အတွင်းရှိ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများ အပြည့်အစုံရရှိခြင်း ရှိ/ မရှိ၊ မဲဆန္ဒရှင်အမည်စာရင်းများ အချိန်မှီကပ် ထားနိုင်ခြင်း ရှိ/မရှိ၊ အသက်(၆၀)နှစ်နှင့်အထက် သက် ကြီးဘိုးဘွား မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊ ပယ်မဲ၊ ခိုင်လုံမဲများကို သေချာစွာ စစ်ဆေးခြင်း၊ မဲရုံများလုံခြုံမှုရှိ/မရှိနှင့် မည့်သည့်ပါတီ၊ မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကို မျှဘက်လိုက် ဆောင်ရွက်ခြင်းမပြုဘဲ ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်များအား ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ တိတိကျကျ ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း လိုအပ်ချက်နှင့် အခက်အခဲများရှိပါက တင်ပြဆွေးနွေးနိုင်ရေးအတွက် လာရောက်တွေ့ဆုံရ ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး ဦးကျော်နိုင်က မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်များ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေများတို့ကို ဆွေးနွေး တင်ပြခဲ့ကြသည်။ မဘိမ်းမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုတို့တွင် မဲရုံပေါင်း(၄၄) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေမှာ(၃၂၉၁၈)ဦးရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)