လှည်းကူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

လှည်းကူး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးချေးငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများသို့  သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ခရောင်ကျေးရွာ ရွာလယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးအတွက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးသည့် တောင်သူများ  အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မှီစေရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေတို့က နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၆) သင်းက အသင်းသားတောင်သူ (၂၁၅) ဦး၊ နွေစပါးစိုက်ဧက (၁၃၁၄) ဧကအတွက် ငွေကျပ် (၂၁၆.၅၆၉) သန်းနှင့်ညီမျှသော သွင်းအားစုများကို တောင်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အသင်းသားများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက် )