လယ်ဝေး ဖေဖော်ဝါရီ ၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးအုပ်စု လယ်ဝေးမြို့နယ်၊ ပေါက်ပင်သာကျောင်းတိုက်တွင် ယနေ့နံနက် ၁၀ နာရီက အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲမင်္ဂလာအခမ်းအနားကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ၊ ပေါက်ပင်သာကျောင်းတိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တသူရိယ အမှူးပြုသော ပင့်သံဃာများ ကြွရောက်ချီးမြှင့်ခဲ့ပြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်တိုင်း သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ပေါက်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များအား နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)