တံတားဦး အောက်တိုဘာ ၃၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မြို့နယ်စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ် အစည်းအဝေးခန်းမ တိုးချဲ့ဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည် ။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်ဦးက နိုင်ငံရေး ပါတီများ လှည့်လည်စည်းရုံးရေးဆောင်ရွက်ရာတွင် ပါတီဝင် (၅၀)ဦးထက်မပိုရေးအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းအကြောင်း ရှင်းလင်း ပြောကြားရာတွင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တို အတွင်း လွယ်ကူလျင်မြန်စွာ ညှိနှိုင်းဆောင်ရွက်ရေး မဲဆွယ် စည်းရုံးရေး ကာလအတွင်း ညွှန်ကြာချက်များနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေးနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ် ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်များ၊ သက်ဆိုင်ရာ ဒေသမှ အချိန် ကာလ၊နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် အမိန့်များ ၊ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့အစည်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ နိုင်ရေးပါတီဝင်များ တက်ရောက် ကြကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)