ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ချောင်းဆုံ ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီး ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး နေအိမ်များရှိ လျှပ်စစ်မီးနှင့် မီးဖိုများကို စနစ်တကျသုံးစွဲကြရန်၊ မော်တော်ယာဉ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ စက်သုံးဆီအရောင်းဆိုင်များတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများကို အသင့်ပြင်ဆင်ထားရှိရန်၊ မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနကို အချိန်မီအကြောင်းကြားရန် စသည်တို့ကို မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု (၅) ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှင့တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် (၂) လုံး၊ နွားတင်းကုပ် (၂) လုံး၊ အမှုန့်ကြိတ်စက်ရုံ (၁) လုံးနှင့် မော်တော်ဆိုင်ကယ် (၁) စီး မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)