လားရှိုး အောက်တိုဘာ ၃၀
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးသည် လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့၊ လမ်းမတော်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ အ.လ.က(၅) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ စံပြမဲရုံ ဆောင်ရွက် ထားရှိ မှုများအား ကြည့်ရှုခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်း၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးနှင့် မဲရုံတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ အတိုင်းမဲရုံအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ပြသခဲ့ကြသည်။
အဆိုပါ စံပြမဲရုံဆောင်ရွက်ထားရှိမှုများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ နားနေနိုင်ရေးအတွက် နေရာများ၊ မသန်စွမ်းသူများအတွက် ဝှီးချဲလ်လမ်း များပါဝင်ကာ ထိုသူများအတွက် လူမှုကူညီရေးအသင်းများက ပါဝင်လျက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒမဲရှင်ပြည်သူများအနေဖြင့်လည်း မဲရုံများသို့ရောက်ရှိလာပါက မိမိတို့တပ်ဆင်လာခဲ့သော နှာခေါင်းစည်းများကို မဲရုံအဝင်၌ပင် စီစဉ်ဆောင်ရွက် ထားရှိ ပေးသော နှာခေါင်းစည်းအသစ်များဖြင့် လဲလှယ်တပ်ဆင်ပြီးမှ ဝင်ရောက်ရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း စီစဉ်ဆောင်ရွက်ထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအတွက် အနှောင့်အယှက်မဖြစ်အောင် မဲရုံကို အဝင်လမ်း အထွက်လမ်းတို့ဖြင့် စီစဉ်ဆောင်ရွက်ထားရှိကာ ရပ်ကွက်ကော်မရှင်ရုံးများ၌ အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့်ကြိုတင်မဲကို နိုဝင်ဘာ(၇)ရက်နေ့ အထိ ပေးနိုင်ကြောင်း သိရှိရသည်။
ရွေးကောက်ပွဲနေ့တွင် အသုံးပြုမည်ဖြစ်သော ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများသည်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း တစ်ခုလုံးအတွက် လားရှိုးမြို့သို့ အောက်တိုဘာ(၃၀)ရက် နေ့နံနက်(၇)နာရီခွဲအချိန်က စတင် ရောက်ရှိနေပြီး သတ်မှတ်ချက်များအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မဲရုံများသို့ ခွဲဝေ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)