ဟိုပန် အောက်တိုဘာ ၃၀
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ဟိုပန်မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၅)အုပ်စုရှိ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများကို ဟိုပန်မြို့ပေါ်နှင့် ကျေးရွာများရှိ အသက်(၆၀)နှင့်အထက် သွားနိုင်လာနိုင်သည့် သက်ကြီးရွယ်အိုများ၊ နိုဝင်ဘာလ(၈)ရက် နေ့တွင်မဲရုံများ၌တာဝန်ထမ်း ဆောင်မည့် မဲရုံလုံခြုံရေးနှင့် မဲရုံဝန်ထမ်းများ ပါဝင်ပြီး မဲရုံကိုယ်စားလှယ်များအနေဖြင့် နိုဝင်ဘာလ (၆)ရက်နေ့နှင့်(၇)နေ့များ တွင် ကြိုတင်မဲများပေးနိုင်မည်ကာ အသက်(၆၀)နှင့် အထက် ကျန်းမာရေးချို့တဲ့ပြီး မဲရုံသို့ မလာနိုင်သူများအား စာရင်းပြုစု၍ အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ မဲဆန္ဒနယ်နှစ်နယ်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၂၂၅၂၉ဦး ရှိကြောင်း သိရသည်။
စိုင်းနိုင်လင်း(ပြန်/ဆက်)