ဇမ္ဗူသီရိမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ် လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သောလူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ရှေးဦးစွာကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမောင်လေပြေ(တောင်တွင်း)က လူငယ်နှင့်စာပေအနုပညာခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အမြင်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များ၊ အသိပညာပေး နံရံကပ်ပြဘုတ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)