မိုင်းစံ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးလောင်မှုကြောင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးမှူး ဦးဝေဖြိုးကိုကိုမြင့်က ပြည်သူများအား မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေခံအကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မြို့အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မိုင်းစံမြို့ မီးသတ်ဦးစီးဌာနမှ မြို့မီးသတ်ဦးစီးမှူး ဦးဝေဖြိုးကိုကိုမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါအဖွဲ့များ ပူးပေါင်း၍ အမှတ်(၁) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေသိုလှောင်ထားရှိမှု၊ မီးချိတ်မီးကတ်နှင့် သဲပုံး၊ ရေပုံးများ အိမ်တိုင်းထားရှိရေး၊ ဟောင်နွမ်းလျှပ်စစ်ဝါယာကြိုးများ ပြုပြင်လဲလှယ်မှု၊ နေအိမ်များတွင် ချက်ပြုတ်သည့် နေရာများ စစ်ဆေး၍ လိုအပ်ချက်များ အကြုံပြုဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးဆော်သြခြင်းနှင့် ပြည်သူများပါဝင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)