ခရမ်းမြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ခရမ်း ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ခရမ်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(PCV)ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းကို မြို့ပေါ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်(၁)ရက်နေ့မှ(၂)ရက်နေ့အထိ ထိုးနှံ‌ပေးလျက်ရှိပြီး ကျန်ရက်များတွင်ရပ်ကွက်နှင့်‌ ကျေးရွာများရှိကျန်းမာရေးဌာနခွဲများတွင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ခရမ်း)