ဒေါပုံ ဖေဖော်ဝါရီ ၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ ကာတွန်းပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ များနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် (A)အဆင့်ဖြင့်အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။
အဆိုပါ စုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက သီချင်းများ၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ ဒေါပုံမြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ချစ်စုဝေ(ပြန်/ဆက်)