မိုင်းယောင်း ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးအုပ်စု၊ ဝမ်ပုံကျေးရွာ၌ သီရိမင်္ဂလာစေတီတော် ဌာပနာသွင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၊ ဝမ်ပုံဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မိုင်းယောင်းတပ်နယ် ခေတ္တတပ်နယ်မှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဝမ်ပုံစေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သံဃာတော်များက မေတ္တာသုတ်တော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဌာပနာ ထည့်သွင်းပူဇော်မည့်ပစ္စည်းများကို စေတီတော်အား လက်ယာရစ်(၃)ပတ်လှည့်လည်ပူဇော်၍ သီရိမင်္ဂလာစေတီတော် ဌာပနာတိုက်တွင်းသို့ ထည့်သွင်းပူဇော်ခဲ့ကြသည်။
အဆိုပါ စေတီတော်ကို ဝမ်ပုံဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဌာနဆိုင်ရာများ၊ ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ စေတနာရှင်၊ အလှူရှင်များက စုပေါင်းလှူဒါန်းတည်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဇနီး ဒေါ်မျိုးအေးချိုတို့သည် မုန်းလိုက်အုပ်စု၊ မိုင်းဟန်ကျေးရွာ မိုင်းဟန်ဘုန်းတော်ကြီးကျောင်းဆရာတော်အား သီရိမင်္ဂလာစေတီတော်၌ လျောင်းတော်မူဘုရား တည်ထားကိုးကွယ်နိုင်ရေးနှင့် သာသနာတော်ဆိုင်ရာများကို လျှောက်ထားခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)