ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုင်ငံတော်မှ လုပ်အားခပေးချေသောစနစ်( CFW ) စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်ဆည် အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ လုပ်အားခပေးချေသောစနစ် (CFW) စီမံကိန်းအဖြစ်ဆောင်ရွက်ထားသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့်ဝန်ထမ်းများသည် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျီးပြကျေးရွာတွင် (CFW) စီမံကိန်းဖြင့်ဆောင်ရွက်ထားသည့်အရှည် (၃၀၉၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မ ရှိ ကျေးရွာတွင်းလမ်းဂျင်းထပ်ပိုးလွှာခင်းခြင်းနှင့် အရှည်(၂၃၀၀)ပေ၊ အကျယ်(၁.၅)ပေ၊ အနက်(၁.၅)ပေရှိ ရေနုတ်မြောင်းတူဖော်ခြင်း၊ သပြေကုန်းကျေးရွာတွင် အရှည်(၁၉၉၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၃)လက်မ မြေသားတင်ခြင်း၊ (၈.၅)လက်မ ဂျင်းမြေထပ်ပိုးလွှာခင်းခြင်း နှင့် အရှည်(၃၂၀)ပေ၊ အကျယ်(၁.၅)ပေ၊အနက်(၁)ပေ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများစနစ်တကျရှိရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင်ကျေးရွာ(၂၂၃)ရှိရာ နိုင်ငံတော်မှလုပ်အားခပေးချေသောစနစ်(CFW)  စီမံကိန်း လုပ်ငန်းများကို မြင်းတွင်း၊ ရှမ်းသူငယ်၊ ကျီပြ၊ သာစည်လေး၊ ဒါန်းတိုင်၊ တရုတ်ကုန်း၊ စိုင်မလန်း၊ ပုထိုးနီ၊ ဘိုးတိုင် ပေါက်၊ သပြေကုန်း၊ အရှေ့သာဂရ၊ အရှေ့ရေပြားတော၊ ရွာဘိုး ကျေးရွာများတွင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)