မက်မန်း ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာ စံပြစိုက်ခြံတွင် ဓာတ်မြေဩဇာအစား အဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများအား ဇီဝမြေဩဇာများ ပြုလုပ်တတ်စေရန် ရည်ရွယ်၍ အီအမ်းဘိုကာရှီ (ဇီဝမြေဩဇာ) သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ မွန်လွှဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ဇီဝမြေဩဇာပြုလုပ်မှုအဆင့်ဆင့်အား ပြသပေးခြင်း၊ ဇီဝမြေဩဇာ၏ အရေးပါမှုနှင့် အသုံးပြုရာတွင် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဇီဝမြေဩဇာအား စွန့်ပစ်ပစ္စည်းများမှ ပြန်လည်အသုံးပြုခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကုန်ကျစရိတ်စရိတ် သက်သာနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား၍ ဇီဝမြေဩဇာပြုလုပ်မှုအဆင့်ဆင့်အား ပြုလုပ်ပြသပေးခဲ့သည်။
အီအမ်ဘိုကာရှီသရုပ်ပြပွဲတွင် မက်မန်းမြို့နယ်အတွင်းရှိ ငှက်ယောင်းကျေးရွာ၊ ကွန်ဟောင်းကြီးကျေးရွာ၊ ရောင်အူကြီးကျေးရွာ၊ ရောင်အူ(ဝ)ကျေးရွာ၊ ဆွတ်ဝိုင်းကျေးရွာ၊ ကွန်ဟောင်းကျေးရွာများမှ စိုက်ပျိုးတောင်သူ (၃၀)ကျော် တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)